ချီးမွမ်းခြင်း၊ အပြစ်တင် ကဲ့ရဲ့ ခြင်း


သူငယ်ချင်းရေ………

မင်းနေကောင်းရဲ့ လား။ မင်း နေကောင်းပါစေလို့ ငါ အမြဲဆုတောင်းနေတယ်လို့ ပြောရင်
မင်းကို လိမ်ရာ ကြမှာပေါ့နော်။ ဒါပေမယ့် အနည်းဆုံးတော့ ငါမင်းကို နေမကောင်း
မဖြစ်စေချင်ပါဘူးကွာ။ မင်းက  အရမ်းကို ခင်ဖို့ကောင်းတဲ့သူဆိုတော့။

ငါ အခုတလော ဘာကြောင့်လည်းမသိဘူး အရမ်းကို စဉ်းစားမှုတွေလုပ်နေမိတယ်။ ပြီးတော့
မင်းကိုလည်းငါ့ရဲ့  စဉ်းစားဆင်ခြင်နေမှုတွေကို သိစေချင် မျှဝေပြီး ဝေဖန်
အကြံပေးစေချင်တာနဲ့ ဒါကို ရေးလိုက်တာပါ သူငယ်ချင်း။

မင်းတို့ငါတို့တွေလည်း လောကကြီးထဲကို လောကဓံတွေကို ရင်ဆိုင်ဖို့
စတင်ဝင်ရောက်လာခဲ့တာ ကြာပြီနော်။

လောကဓံ၈ပါး ဆိုတာကို မင်းသိမှာပါ။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊

လာဒ်လာဘပေါခြင်း၊ လာဒ်လာဘနည်းခြင်း၊

အခြွေအရံပေါခြင်း၊ အခြွေအရံနည်းခြင်း၊

ချီးမွမ်းခြင်း၊ အပြစ်တင် ကဲ့ရဲ့ ခြင်း ဆိုတဲ့ လောကဓံတွေကို
ငါတို့တွေဖြတ်သန်းနေကြရတယ်နော်။

အဲဒီအထဲက ချီးမွမ်းခြင်း၊ ကဲ့ရဲ့ ခြင်းဆိုတာကို ငါစဉ်းစားကြည့်မိတယ်။
လူတစ်ယောက်ကို ချီးမွမ်းဖို့ ကဲ့ရဲ့          ဖို့ဆိုတာ နှုတ်ကပဲ
လုပ်ဆောင်ရတာမဟုတ်လား။ ဒီလောက်လွယ်တဲ့ အလုပ်ကို ဘာလို့ လောကဓံ တစ်ခုအနေနဲ့
ရှိနေရတာလည်းပေါ့။ လောကဓံမှာတော့ သက်ရောက်မှုကို ဖွင့်ဆိုတာ။

အဲဒီချီးမွမ်းခြင်းနဲ့ အပြစ်တင် ကဲ့ရဲ့ ခြင်း ကို လောကဓံတရားတစ်ပါးအနေနဲ့
အသာထားပြီး ဒီအတိုင်းပဲ ရိုးရိုးလေး စဉ်းစားကြည့်မိတယ်ကွာ။လူဆိုတာ
ချီးမွမ်းခံရတာကို ကြိုက်ပြီး ကဲ့ရဲ့ ခံရတာကို ကြိုက်တဲ့သူ က မရှိလောက်ဘူးလို့
ထင်တာပဲ။  ငါ့အနေနဲ့ပေါ့ကွာ။ ငါ့ ပတ်ဝန်းကျင်မှာ ငါကိုချီးမွမ်းတာတွေနဲ့
အပြစ်တင် ကဲ့ရဲ့ တာတွေ ဘယ်ဟာက ပိုများနေလဲလို့ပေါ့။ သေချာစဉ်းစားကြည့်ရင်
အပြစ်တင်ခံရ ကဲ့ရဲ့       ခံရတာတွေက ပိုများနေတယ်။

ပြီးတော့ ငါကရော ငါ့ပတ်ဝန်းကျင်က လူတွေကို ချီးမွမ်းစကားပြောတာနဲ့ အပြစ်တင်
ကဲ့ရဲ့  စကား ပြောတာ ဘယ်ဟာက ပိုများနေလဲ လို့ ပြန်တွေးကြည့်မိတယ်။ အဲဒီမှာလည်း
အပြစ်တင် ကဲ့ရဲ့  တဲ့ စကားကို ပြောလိုက်မိတာက ပိုများနေတယ်လေ။ ကိုယ် ချစ်ခင်တဲ့
သူကိုတောင်မှ ချီးမွမ်းစကားပြောဖို့ တော်တော်နဲ့ မပြောဖြစ်ဘူး။ အဲ
အပြစ်တင်စကားပြောဖို့ ဆိုရင်တော့ လွယ်လွယ်နဲ့ ပြောထွက်သွားတတ်တယ်။ အဲ
လိုဖြစ်နေတာ ငါတစ်ယောက်ထဲပဲလားတော့ မသိဘူးနော့်။ မင်းရော ဘယ်လိုလဲ။ မင်းကို
ချီးမွမ်းတဲ့စကား နဲ့ အပြစ်တင် ကဲ့ရဲ့  စကား ကို ဘယ်ဟာက ပိုပြီး
တွေ့ကြုံရလဲ။  မင်းကရော
ချီးမွမ်းစကား နဲ့ အပြစ်တင် ကဲ့ရဲ့  စကား ကို ဘယ်ဟာကို ပိုပြီး ပြောဖြစ်နေလဲ။

အဲဒီလိုလဲ ဆင်ခြင်သုံးသပ်ကြည့်ပြီးတော့ ငါ သဘောပေါက်လိုက်တယ်။ ငါတို့တွေ
မကြိုက်တဲ့ အပြစ်တင် ကဲ့ရဲ့  စကားတွေကို ငါတို့ ကိုယ်တိုင်
ပြောဆိုနေမိတာပါလားလို့ပါ။ အဲဒီတော့ ငါဘာလုပ်ရမလဲ လို့ ပြန် စဉ်းစားကြည့်တော့
ငါ့ကို ပြောကြတဲ့ အပြစ်တင်စကားဆိုတာက အခြားသူတွေက ပြောကြတာဆိုတော့ ဘယ်လိုမှတော့
မတတ်နိုင်ဘူးပေါ့ကွာ။ ငါကိုယ်တိုင်က အပြစ်မဖြစ်တာတွေကို လုပ်ရမှာပဲ။

ငါက ပြောဖြစ်နေတဲ့ အပြစ်တင် ကဲ့ရဲ့ စကားတွေကို တော့ ငါကိုယ်တိုင်
ပြုပြင်လို့ရနိုင်တယ်လို့ ထင်တယ်လေ။ ငါကိုယ်တိုင်က
ချီးမွမ်းစကားများများပြောရင် ငါတို့ ပတ်ဝန်းကျင်ကသူတွေ ပိုပြီး
ပျော်ရွှင်မှုတွေ ရလာမလားလို့ စဉ်းစားကြည့်မိတယ်။ အဲဒီနေ့က စပြီး ငါ
ငါ့သူငယ်ချင်းတွေကို သူတို့ရဲ့       ကောင်းကွက်လေးတွေကို ရှာပြီး
ချီးမွမ်းစကားပြောမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကြိုးစားပြီးတော့ စိတ်ရင်းနဲ့ပေါ့။
လူတိုင်းမှာ ကောင်းကွက်တွေက အများကြီးရှိတာ မဟုတ်လား။ သူတို့ တွေပျော်ရွှင်နေရင်
သူတို့ရဲ့  ပျော်ရွှင်မှုကလည်း ငါ့ကို ကူးစက်လာမယ်လို့ ယုံကြည်တယ်ကွာ။

ချီးမွမ်းစကားလေးတစ်ခုက လူတစ်ယောက်ရဲ့  ဘ၀ကို တိုးတက်သွားစေနိုင်သလို၊ အပြစ်တင်
ကဲ့ရဲ့          စကားလေးတစ်ခွန်းက လည်း လူတစ်ယောက်ရဲ့  ဘ၀ကို
ပြောင်းလဲသွားစေနိုင်တယ်လို့ ငါတော့ ထင်တယ်ကွာ။ ငါငယ်ငယ်တုန်းက  မန္တလေးမှာ
ကိုရင်ဝတ်တုန်းကပေါ့။ တော်တော်လေးငယ်သေးတယ်။ ဆရာတော်ကြီးက ငါ့ကို
ပရိတ်တွေကျက်ခိုင်းပြီး စာအံခိုင်းတယ်။ စာအံပြီးတိုင်းငါ့ကို ချီးမွမ်းစကားတွေ
ပြောတယ်။ အဲဒီတော့ ငါလည်း ကိုရင်ဝတ်ရတာပျော်တာပေါ့ကွာ။ အချီးမွမ်းခံရတာကိုးကွ။
အဲဒီမှာ ဆရာတော်ကြီးက ရန်ကုန်ကို ခဏ ကြွသွားရတယ်။ အဲဒါနဲ့ ပဲ ငါ့ကို
ချီးမွမ်းမဲ့သူ မရှိတာနဲ့ ငါလည်း ကိုရင် လူထွက်ချင်စိတ် မြန်မြန်ဖြစ်လာတယ်။
ဟားဟား ရယ်ရတယ်နော်။ ချီးမွမ်းမဲ့သူ မရှိတာနဲ့ မလုပ်ချင်တော့တာ။

ငါ့အဖေကပြောဖူးတယ်။ သူ့ရဲ့  senior ပါမောက္ခ တွေထဲမှာ ဆရာမကြီးတစ်ယောက်က
ချီးမွမ်းစကားကို အရမ်းပြောတတ်တာပဲတဲ့။ သူ သတိထားမိတာက သူ့ကို ဆရာမကြီးက
စာအုပ်မှာ မျည်းတားခိုင်းတာ။ မျည်းတားပြီးသွားတော့ သူ့ကို တားထားတဲ့
မျည်းကြောင်းလေးတွေက ဖြောင့်နေတာပဲ အရမ်းတော်တာပဲနော် သူဆိုရင် အဲဒီလို
ဖြောင့်အောင် မတားနိုင်ဘူးလို့လေ။

ဒီလို ချီးမွမ်းစကားလေး တစ်ခု ဟာ လူတစ်ယောက်ကို ကျေနပ်နှစ်သိမ့်မှုကို
ရစေတယ်နော်။ လူတစ်ယောက်ကို မိမိကိုယ်ကို ယုံကြည်မှုတိုးပွားစေတယ်။

ငါ့ အခုလုပ်နေတဲ့ အလုပ်ထဲမှာလည်း ငါ့ရဲ့  manager က ငါတို့ ကို အမြဲ
ချီးမွမ်းစကားပြောတယ်။ မှားတာရှိရင်လည်း ကောင်းတဲ့အမြင်နဲ့ တဖတ်လှည့်ပြီး
အပြောခံရတဲ့သူ ခံသာအောင် ပြောတတ် ဆိုတတ်တယ်။ သူက ဂျပန်လူမျိုးလေ။ သူ့ရဲ့ 
စကားပြောပုံ နဲ့ အလုပ်လုပ်ပုံက လေးစားအတုယူစရာ ကောင်းတယ်။ ငါတို့ကို
ကြိုးစားချင်စိတ်ကို အားပေးနေသလို ခံစားရတယ်။

Ok! သူငယ်ချင်း မင်းလည်း အလုပ်တွေ ရှုတ်တဲ့ ကြားက ဒါတွေဖတ်ရတာ
စိတ်အနှောက်အယှက်ဖြစ်နေပြီလား။ Sorry ကွာ။ ကျေးဇူးလည်းတင်တယ်။ နောက်မှပဲ။

မင်းကို ခင်တဲ့

KG

From အလင်းစေတမန် www.groups.google.com/group/a_lin_say_ta_mum

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: