လိုတရနှလုံးသား


သူငယ်ချင်းရေ

တစ်နေ့က သူငယ်ချင်းတွေနဲ့ မုန့်သွားစားရင်းနဲ့ သူငယ်ချင်းတစ်ယောက်ကပြောတယ်။

သူအလုပ်လုပ်တဲ့ အခန်းမှာ ဘုရားစင်လေးတစ်စင်ရှိတယ်တဲ့။ ဘုရားခန်းလေးလိုမျိုး အခန်းလေးထဲမှာ အလုပ်လုပ်ရတာတဲ့။ ဘုရားကို အမြဲဖူမျှော်ခွင့်ရနေတော့ နေ့တိုင်းစိတ်ချမ်းသာပါတယ်တဲ့။ ဒေါသဖြစ်စရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုကြုံလာရင်တောင် ဘုရားကို မြင်နေရတော့ ဒေါသမထွက်ဖြစ်ပဲ စိတ်ကြည်လင်မှုကို ရစေတယ်တဲ့။

အော် ကောင်းလိုက်တာနော်လို့ စဉ်းစားတွေးမိတယ်။ ဒေါသကင်းစင်တဲ့ စိတ်ကြည်လင်မှုအပြည့်ရှိတဲ့ ဘုရားရဲ့  ကိုယ်ပွား ရုပ်ထုတော်ကို မြင်တာလေးတစ်ခုတည်းနဲ့တောင် ကိုယ့်ရဲ့  ဒေါသစိတ်ကို ထိန်းသိမ်းနိုင်တယ်ဆိုတာ။ အလွန်ကိုပဲ ချီးကျူးစရာကောင်းပါတယ်။

ဘုရားရဲ့  ရုပ်ပွားတော်ကို မြင်တာနဲ့တောင် အဲဒီလောက် အကျိုးရှိရင် ဘုရားရဲ့  ဂုဏ်တော်တွေကို လိုရင်း အဓိပ္ပါယ်တွေပါ သိပြီး ပွားများရင်တော့ ဘုရားကို ပိုကြည်ညိုပြီး ဓာတ်ကောင်းတွေလည်း ပိုကူးစက်နိုင်ပါတယ်။ တန်ခိုးသတ္တိလည်း ပိုထက်မြက်ပါတယ်လို့ အရှင်ဆန္ဒာဓိက ရဲ့ လိုတရနှလုံးသား စာအုပ်မှာ ဖတ်ခဲ့ဖူးပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားမှာဂုဏ်တော်ကိုးပါးရှိပါတယ်။ ဒီဘုရားဂုဏ်တော်တွေကတော့

(၁) အရဟံ

ကိလေသာ ကင်းစင်သော မြတ်စွာဘုရား

ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

(၂) သမ္မာသမ္ဗုဒ္ဓေါ

သိစရာအားလုံးတို့ကို အမှန်အတိုင်း၊ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော

အသိဉာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား

(၄) သုဂတော

ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား

ကောင်းသောနိဗ္ဗာန်သို့ကြွတော်မူသော မြတ်စွာဘုရား

(၅) လောက၀ိဓူ

လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား

(၆) အနုတ္တရောပုရိသဒမ္မသာရထိ

ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား

(၇) သတ္ထာဒေ၀မနုဿာနံ

နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား

(၈) ဗုဒ္ဓေါ

သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား

(၉) ဘဂ၀ါ

ဘုန်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

……………………………..

ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ

ဘုရားရှင် သန္တာန်မှာရှိတဲ့

စိတ်ကောင်းစိတ်မြတ်တွေ

ဓာတ်ကောင်းဓာတ်မြတ်တွေကို

ကိုယ့်နှလုံးသားထဲမှာ

မိတ္တူကူးယူတာပါပဲ။

နှလုံးသား ကောင်းမြတ်နေမှတော့

ကောင်းကျိုးချမ်းသာ အားလုံး

မလိုချင် အဆုံးရရှိတော့မှာပေါ့။

………………………..

လို့ ဆရာတော် အရှင်ဆန္ဒာဓိက စာအုပ်မှာ မှတ်သားခဲ့ဖူးပါတယ်။

အချို့ အချို့  သော မကောင်းမြင်ဝါဒီသမားများရဲ့  ရုပ်ထုကိုးကွယ်မှုတို့ဆိုတဲ့ စကားတွေကို အာရုံမထားပဲ။ မြတ်စွာဘုရားရဲ့  ဂုဏ်တော်တွေကို ပွားများပြီး ဘုရားရဲ့  ရုပ်ပွားတော်ကို ကြည်ညိုမှုနဲ့ ဂုဏ်တော်တွေကို နှလုံးသွင်းနိုင်ရင် မြင့်မြတ် ကောင်းမွန်တဲ့ နှလုံးသားကို ပိုင်ဆိုင်နိုင်မှာပါ။ ရုပ်ထုကို ကိုးကွယ်တာ မဟုတ်ပဲ ရုပ်ထုအတွင်းကို မြတ်စွာဘုရားရဲ့  ဂုဏ်တော်တွေကို သွင်းပြီး ပူဇော်နိုင်ကြမှာပါ။

ဘုရားဖူးတယ်၊ ဘုရားကို ပူဇော်တယ်ဆိုတဲ့ နေရာတွေမှာလည်း မြတ်စွာဘုရားရဲ့  ဂုဏ်တော်တွေကို သိရှိပွားများပြီး ဖူးမျှော်၊ ပူဇော်ရင် ပိုပြီးကောင်းပါတယ်။

ဥပမာ ရွှေတိဂုံဘုရားကြီးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ထားကိုးကွယ်ခဲ့တာပါ။ ကျွန်တော်တို့တွေ အိမ်မှာလည်း ဘုရားစင်တွေ ရှိနေရဲ့ သားနဲ့ ဘာကြောင့်များ ရွှေတိဂုံဘုရားကို ခဏခဏသွားပြီး ဖူးမျှော်သင့်တာပါလဲ။ အထက်မှာ ပြောခဲ့တဲ့အတိုင်း ရွှေတိဂုံဘုရားကြီးဟာ ရှေးနှစ်ပေါင်းများစွာ မြတ်စွာဘုရားလက်ထက်တော်ကတည်းက မြတ်စွာဘုရားရဲ့  ဓာတ်တော်မွေတော်တွေကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ မြတ်စွာဘုရားရဲ့  ဂုဏ်တော်တွေကို ပွားများပြီး တရားအားထုတ်ခဲ့ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ ဒါ့ကြောင့် မွန်မြတ်ကောင်းမွန် သန့်စင်တဲ့ ဓာတ်တွေက ရွှေတိဂုံဘုရားမှာ ဖုံးလွှမ်းနေပါတယ်။ ကောင်းမြတ်တဲ့ ဓာတ်တွေရှိတဲ့ နေရာမှာ မြတ်စွာဘုရားဂုဏ်တော်ကို ပွားများရင် ပိုပြီး တော့ အကျိုးကျေးဇူးများပြားပါတယ်။ ဒါ့ကြောင့် ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်နေကြတာပါ။

ဓာတ်သဘောတရားတွေဟာ ကူးစက်တတ်တဲ့ သဘောတရားရှိပါတယ်။ ကောင်းတဲ့ ဓာတ်တွေကူးစက်လာတာက ကောင်းပေမယ့် မကောင်းတဲ့ ဓာတ်တွေကူစက်လာရင်တော့ မကောင်းပါဘူး။ ကောင်းတဲ့ဓာတ်တွေ ရှိတဲ့ နေရာမှာ ကောင်းတဲ့ ဓာတ်တွေကူးစက်တတ်သလို မကောင်းတဲ့ ဓာတ်တွေ ရှိတဲ့ နေရာကနေလည်း မကောင်းတဲ့ ဓာတ်တွေ ကူးစက်တတ်ပါတယ်။ ဘယ်လို လုပ်ကာကွယ်ကြပါမလဲ။

အရှင်ဆန္ဒာဓိကရဲ့  ကြာလိုလူ စာအုပ်ကို သတိရမိပါတယ်။ အဲဒီစာအုပ်နောက်ကျောမှာ ဒီလိုရေးထားပါတယ်။

…………..

ရွှံ့ နွံကြားမှာ ပေါက်ဖွားပေမယ့်

ရွှံ့ နွံနဲ့မလိမ်းကျံ၊ မကပ်ငြိတဲ့ကြာကို

သူတော်ကောင်းတိုင်း အတုယူသင့်ပါတယ်။

လောကဓံရွှံ့ နွံတွေ၊ ကာမဂုဏ်ရွှံ့ နွံတွေ

ကိလေသာရွှံ့ နွံတွေကြားမှာ

ပေါက်ဖွားကြီးပြင်းလာပေမယ့်

အဲဒီရွှံ့ နွံတွေနဲ့ မလိမ်းကျံ

မကပ်ငြိတဲ့ ပုဂ္ဂိုလ်ဟာ

သန့်စင်မြင့်မြတ်တဲ့

ကြာလိုလူအစစ်ပါပဲ။

………………………

ဆရာတော်ပြောသလိုပါပဲ ကျွန်တော်တို့ရှင်သန်ရာ ပတ်ဝန်းကျင်က တကယ့်ကိုပဲ လောကဓံ၊ ကာမဂုဏ်၊ ကိလေသာရွှံ့ နွံတွေနဲ့ ယုတ်ညံ့တဲ့ ဓာတ်တွေပေါများကြွယ်ဝလွန်းလှပါတယ်။ ဒီလို လောကကြီးထဲမှာ အဲဒီ ရွှံ့ နွံတွေ လိမ်းကျံ ပေစွန်းမှု မရှိအောင် ကြာလိုကျင့်ကြံရပါမယ်။

သာမာန်လောကီနယ်ပယ် အနေနဲ့စဉ်းစားရင်တော့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နေတဲ့ ဒီလောကကြီးထဲက မကောင်းတဲ့ဓာတ်သဘောတွေကို ရှောင်တိမ်းဖို့ ကြိုးစားကြရပါမယ်။ ဒီလိုကြိုးစားရမယ် ဆိုတာကလည်း အထူးတလည် လုပ်နေစရာ မလိုဘူးလို့ထင်ပါတယ်။ အထက်က ပြောခဲ့သလို မြတ်စွာဘုရားရဲ့  ဂုဏ်တော်ကို ပွားများပြီး မိမိနှလုံးသားထဲမှာ ဘုရားတည်ထားပြီး ကောင်းမြတ်တဲ့ နှလုံးသားတစ်ခုကို သာ တည်ဆောက်နိုင်ရင် ကောင်းကျိုးချမ်းသာအားလုံးဟာ မလိုချင်အဆုံးရရှိလာနိုင်ပြီး ကြာလိုလူတစ်ယောက်အကဖြစ်နဲ့ မကောင်းမှုရွှံ့ နွံတွေ မကပ်ငြိနိုင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: