အကြောင်းမဲ့ချစ်ခြင်း


သူငယ်ချင်းရေ…..

တစ်နေ့က သူငယ်ချင်းတစ်ယောက်က ပုံပြင်တစ်ပုဒ်ပို့လာတယ်။ သူ့ချစ်သူကို သူ့ကို ဘာ့ကြောင့်ချစ်တာလဲလို့ မေးတယ်တဲ့။ အဲဒီတော့ သူ့ချစ်သူက အကြောင်းပြချက်မရှိပါဘူးလို့ပြောတော့စိတ်ဆိုးသွားတယ်တဲ့။ …

အကြောင်းမဲ့ချစ်ခြင်းတဲ့………..ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာတစ်ပုဒ်ကို သွားသတိရမိတယ်။ အဲဒီစာအုပ်က ဒေါက်တာဆန်းထွန်း(ဒဿနိကဗေဒ)ရေးတဲ့ ကိုယ့်ရင်ထဲကရှုမျှော်ခင်း ဆိုတဲ့ စာအုပ်ပေါ့။

ခေါင်းစဉ်က အကြောင်းမဲ့ချစ်ခြင်းတဲ့။

ဖတ်ကြည်ပါ။……….

ကံ့ကော်တွေ ဝေနေတဲ့ တက္ကသိုလ်မြေမှာ တစ်ဦးကို တစ်ဦး ချစ်ကြည်နူးစွာ ကြည့်တတ်ကြတဲ့ ချစ်သူစုံတွဲလေးတွေ မြင်ရတဲ့ အခါပဲဖြစ်ဖြစ် ငှတ်ကလေးနှစ်ကောင် ယှဉ်တွဲ မြင်ရတဲ့အခါပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ၀ိုင်းဖွဲ့နေကြတာကို မြင်ရတဲ့အခါဖြစ်ဖြစ်၊ ပါမောက္ခဦးအေးကျော်(မောင်ကြည်သစ်) ရဲ့  ဟိုက်ဒက်ဂါဒဿန စကားလုံးတွေ သတိရမိတယ်။

“တစ်ဦးကို တစ်ဦး ချစ်ခင်ကြတယ်ဆိုတာ ဂုဏ်ဓနကြောင့်၊ ပစ္စည်းဥစ္စာကြောင့်၊ ကိုယ်န္ဓာလှပမှုကြောင့် ဆိုတဲ့ “ကြောင့်” တွေ မပါဘဲ ချစ်ခင်လို့ ချစ်ခင်ကြတယ်ဆိုတာ ဖြစ်ရမယ်။ တစ်ဦးနဲ့တစ်ဦး အကြောင်းပြချက်တွေ တည်ဆောက်ပြီး ချစ်ခင်နေကြမယ်ဆိုရင် သည်အကြောင်းပြချက်တွေ မရှိတဲ့ အခါ တစ်ဦးနဲ့ တစ်ဦး မမချစ်ခင်ကြတော့ဘူးလား”

ဆရာ မောင်ကြည်သစ်ရဲ့  ဟိုက်ဒက်ဂါဒဿနစကားလုံးတွေကို ဆင့်ပွားဆွေးနွေးကြည့်တော့ တစ်ဦးကိုတစ်ဦး မျှော်ကိုးချက်တွေ မပါဘဲ ချစ်ခင်မှု သက်သက်ကိုပဲ အကြောင်းမဲ့ ချစ်ခြင်းဆိုလိုဟန်ရှိတယ်လို့ ကောက်ချက်ချမိကြပါတယ်။ ဘာကြောင့်ညာကြောင့် မပါတဲ့ ကြောင့်မဲ့ ချစ်ခြင်းပေါ့။

တကယ်တော့ အကြောင်းတရားမဲ့ဖြစ်တဲ့ အဖြစ်ဆိုတာ မရှိပါဘူး။ အခြားသော မလိုအပ်တဲ့ အကြောင်းတွေ မပါဘဲ ချစ်ခင်မှု၊ မေတ္တာစေတနာ သက်သက် အကြောင်းနဲ့ ချစ်ခင်မှုကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ကိုယ်လိုချင်တာ ပေးနေလို့ ရနေလို့ တစ်ဦးကို တစ်ဦးချစ်ခင်တယ်ဆိုရင်လည်း ကြောင့်ပါတဲ့ ချစ်ခင်မှုပဲဖြစ်မှာပါ။ လိုချင်တာ မပေးနိုင်၊ မရနိုင်တဲ့ အခါ ကွဲကွာသွားကြရတယ် မဟုတ်ပါလား။

မေတ္တာစေတနာ သက်သက်နဲ့သာ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံကြရင် အဆင်ပြေပြေနေနိုင်ကြမှာ သေချာပါတယ်။ မေတ္တာစေတနာရဲ့  ဂုဏ်သတ္တိဟာ ရေကြည်ရေသန့်ပမာ သန့်ရှင်း စင်ကြယ်ပါတယ်။ ဘ၀အမောတွေ ပြေစေပါတယ်။ လှပတဲ့ ဘ၀ကို တည်ဆောက်နိုင်ပါတယ်။ ဘယ်နေရာမဆို ဘယ်သူနဲ့ မဆို သည်ဂုဏ်သတ္တိက ပျက်ပြယ်မသွားပါဘူး။ လူတိုင်းကျင့်သုံးနိုင်တယ်။

ပြီးတော့ အနှိုင်းမဲ့ချစ်ခြင်းအကြောင်းကို ဆက်စပ်စဉ်စားမိပြန်တယ်။ တစ်ဦးတစ်ယောက်တည်း သစ္စာရှိရှိနဲ့ ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘဲ ချစ်တဲ့ ချစ်ခြင်းဖြစ်ဟန်တူပါရဲ့ ။ တကယ်တော့ နှိုင်းယှဉ်မှုဆိုတာ မာနလို့ အဓိပ္ပါယ်ရတယ်။ မာနပြိုင်တတယ်ဆိုတာ နှိုင်းယှဉ်လို့ ဖြစ်တာပါ။ တစ်ဦးနဲ့တစ်ဦး မာနနဲ့ ဆက်ဆံနေရင်လည်း အဆင်မပြေမှုတွေနဲ့ ကြုံရမှာ သေချာပါတယ်။

(အားကစားပြိုင်ပွဲမှာ အနိုင်ရဖို့ ယှဉ်ပြိုင်တဲ့ အားကစားစိတ်ဓာတ်၊ ကိုယ့်ရဲ့  စီးပွားတိုးတက်ဖို့ စီးပွားရေးလောကမှာ ကြိုးစားအားထုတ်ရတဲ့ ၀ီရိယ၊ ပညာရေးတိုးတက်ဖို့ ကြိုးစားရတဲ့ ပညာဆန္ဒ စတာတွေကတော့ မာနနဲ့ ယှဉ်ပြိုင်တာ မဟုတ်ဘူး။ မိမိဘ၀ တည်ဆောက်မှုအတွက် ထားရှိအပ်တဲ့ စိတ်ဓာတ်တွေပဲဖြစ်တယ်။)

ဒါပေမယ့် ကိုယ့်ရဲ့  အောင်မြင်တိုးတက်မှု အပေါ်မှာ “ငါနဲ့ ငါသာ နှိုင်းယှဉ်စရာ” ဆိုတဲ့ မာန်ဖြစ်လာရင်တော့ မရှိသင့် မဖြစ်သင့်တဲ့ သဘောပါပဲ။

လောကဓံတရားကို သည်ခံနိုင်တယ်ဆိုတာ မကောင်းတဲ့ ဆင်းရဲခြင်း၊ အခြွေအရံမရှိခြင်းနဲ့ ရစရာမရှိခြင်းကို သည်းခံနိုင်ရုံမျှမကပါဘူး။ ချမ်းသာ အောင်မြင်ခြင်း၊ အခြွေအရံပေါများခြင်းနဲ့ ပေးမဲ့သူ ကူညီသူ ပေါများခြင်းကိုလည်း သည်းခံနိုင်ရတယ်။ (မာန်မာန မတတ်ရဘူးပေါ့။)

မာနဆိုတာ လူ့ရဲ့ စိတ်ကို တင်းကြပ်စေတယ်။ ရုပ်ကို ခက်ထန်ကြမ်းတမ်းစေတယ်။ ဒေါသဆိုတာလည်း လူ့ရဲ့  ရုပ်ကို အိုမင်းစေတယ်။ စိတ်ကို လောင်ကျွမ်းစေတယ်။ မာန ဒေါသရဲ့  ဂုဏ်သတ္တိတွေပါပဲ။ မေတ္တာစေတနာဟာ လူကို ကြည်လင်စေတဲ့၊ တင့်တယ်လှပစေတဲ့၊ ဂုဏ်သတ္တိတွေရှိသလိုပါပဲ။ (ရေဆိုတာ ဟိုက်ဒရိုဂျင်နှစ်ဆနဲ့ အောက်ဆီဂျင် တစ်ဆ ပေါင်းထားသလိုမျိုးပေါ့) ကောင်းမှုစေတနာမှာလည်း သူ့ဂုဏ်သတ္တိနဲ့သူ ရှိတယ်။ မကောင်းမှုစေတနာမှာလည်း သူ့ဂုဏ်သတ္တိနဲ့သူပါပဲ။

လူ့ဘ၀မှာ အခြေခံအားဖြင့်တော့ လူတိုင်း အသက်ရှည်ရှည်ရောဂါကင်းကင်းနဲ့ ကျန်းကျန်းမာမာ နေချင်ကြတာပါပဲ။ အသက်တစ်ရာကျော်နေခဲ့တဲ့ရွှေဟင်္သာဆရာတော်ကြီးက အသက်ရှည်ကျန်းမာဖို့ အချက်လေးချက် လိုက်နာရမယ်လို့ ပြောတဲ့ အကြောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာတော်ထံမှ နာကြားခဲ့ရပါတယ်။ သက်ရှည်ကျန်းမာဖို့ (၁) မတည့်တာ မစားနဲ့၊ (၂) တည့်တာစားရင်လည်း သင့်တင့်မျှတအောင်စား၊(၃)ဒေါသမဖြစ်စေနဲ့၊ (၄) မေတ္တာပွားလို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ အာဟာရဆိုတာ ရုပ်အာဟာရနဲ့ စိတ်အာဟာရ နှစ်ခုလုံးမျှတရပါတယ်။ ဒေါသစိတ်ဟာ လူ့ရဲ့  ကျန်းမာရေး ထိခိုက်တယ်ဆိုတာ ဆေးသိပ္ပံပညာရှင်တွေလည်း လက်ခံကြပါတယ်။ မေတ္တာစိတ်ထားနဲ့နေထိုင်ရင်း လူ့ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်တယ်ဆိုတာလည်း လက်ခံကြပါတယ်။ မေတ္တာစိတ်ထားဆိုတာ စိတ်ကောင်းစေတနာကောင်းတစ်မျိုးပါ။ တစ်ဦးအကျိုးကို တစ်ဦးက လိုလား ဆောင်ရွက်ပေးတတ်တဲ့ စိတ်ထားပါ။

ပြီးတော့ တစ်ဦးရဲ့  အခက်အခဲကို တစ်ဦးက စာနာကူညီတဲ့ ကရုဏာစိတ်ထား၊ တစ်ဦးရဲ့  အောင်မြင်မှုကို တစ်ဦးက ၀မ်းသာဂုဏ်ယူတဲ့ မုဒိတာစိတ်ထားတွေကလည်း စေတနာကောင်းရှိသူတွေမှာ ရှိတဲ့ ဂုဏ်သတ္တိတွေပါပဲ။ ဆိုကရေးတီးကတော့ သူကွယ်လွန်ခါနီးမှာပြောခဲ့တာ (A good man has no harm)စိတ်ကောင်းရှိတဲ့သူမှာ နာကျင်မှု မရှိဘူးတဲ့။ ဆိုလိုတာကတော့ စိတ်စေတနာကောင်းရှိသူ တစ်ဦးဟာ ရာသီဥတုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခဆင်းရဲ ရှိရင် နာကျင်တတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ ညည်းညူပူပင် နာကျင်မှု မရှိနိုင်ဘူးလို့ ဆိုလိုဟန်တူပါရဲ့ ။

တကယ်တော့ ဒေါသဟာ လူ့ရဲ့  အလှအပကို ဖျက်ဆီစေတယ်။ ရုပ်ဆိုးစေပါတယ်။ အဒေါသ မေတ္တာစိတ်ကသာ ရုပ်ဆင်းကြည်လင် သန့်ရှင်းပြီး လှပစေပါတယ်။ မေတ္တာစေတနာ သက်သက်နဲ့ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ကြမယ်ဆိုရင် မိသားစုထဲမှာ ဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ ဖြစ်ဖြစ်၊ ကိုယ့်အလုပ်ခွင်မှာဖြစ်ဖြစ်၊ အဆင်ပြေမှု၊ တိုးတက်အောင်မြင်မှုတွေရှိမှာ သေချာပါတယ်။ စိတ်ထားစေတနာကောင်းရှိသူဟာ သူ့ကိုယ်သူလည်း စောင့်ရှောက်နိုင်သလို သူ့ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်နိုင်စွမ်းရှိပါတယ်။

ဟိုက်ဒက်ဂါရဲ့  ဒဿနအမြင်မှာ အတိတ်နဲ့ အနာဂတ်ကို မတွေးတော မမျှော်ကိုးပဲ ပစ္စုပ္ပန်မှာပဲ ထင်ရှားဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်(Phenomena)တွေက သူဖြစ်ရပ်အတိုင်း ထင်ရှားလာစေတဲ့ (Reveal) ဖြစ်လာစေတဲ့နည်း (Phenomenology) ဖီနိုမီနိုလိုဂျီနည်း ကျင့်သုံးရင် အမှန်တရားကို သိမြင်ပြီး ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ ဒဿန အမြင်ကတော့ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးလုံး အစွဲအလမ်းမထားဘဲ စိတ်စေတနာ သန့်သန့်နဲ့ နေထိုင်ခြင်းပါပဲ။ ဆိုလိုတာကတော့ အတိတ်ဖြစ်ရပ်၊ အနာဂတ် မျှော်ကိုးမှုနဲ့ ပစ္စုပ္ပန်မှာ ငြိတွယ်မှု စတဲ့ အစွဲတွေ မထားဘဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှု၊ ကူညီဆောင်ရွက်မှုနဲ့ နေထိုင်ခြင်းပါပဲ။

မေတ္တာစေတနာဆိုတာ နေရာဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ကာလသုံးပါးစွဲမရှိဘဲ လွတ်မြောက်မှု ဂုဏ်သတ္တိတွေရှိပါတယ်။ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုတဲ့ မြန်မာမှု ဒဿနမှာတော့ အကြောင်းမဲ့ ချစ်ခြင်းဆိုတာ အစွဲမဲ့ချစ်ခြင်းပါပဲ။ အစွဲအလမ်းကြီးမားသူဟာ မိမိအစွဲအလမ်းကြောင့် မိမိကိုယ်ကိုလည်း ဒုက္ခပေးတတ်သလို တစ်ပါးသူကိုလည်း ဒုက္ခဖြစ်စေပါတယ်။

ဆေးဝါးတစ်မျိုးဟာ ရောဂါရှိသူ မည်သူမဆို သုံးဆောင်လျှင် ရောဂါပျောက်ကင်းသလိုပဲ၊ မေတ္တာစေတနာဆိုတာ ဆေးဝါးတစ်မျိုးပါပဲ။ မည်သူမဆို မည်သည့်နေရာမဆို အသုံးပြုနိုင်ပါတယ်။ မေတ္တစေတနာ သက်သက်နဲ့ အကြောင်းမဲ့ ချစ်ခြင်းကို လက်တွေ့ ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

၂၀၀၂၊ ဇွန်လ

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: