ကျွန်တော်နှင့် ချစ်တယ်

ကျွန်တော်နှင့် ချစ်တယ်
ဘ၀မှာ ချစ်တယ်ဆိုတာကို အကြိမ်ဘယ်လောက်ပြောဖူးပြီး ကိုယ်ပြောတာကို ချစ်တယ်လို့ ပြန်ပြောတဲ့ အကြိမ် ဘယ်လောက်ကြုံဖူးပါသလဲ။ လူတစ်ယောက်က ကိုယ့်ကို ချစ်နေတယ်လို့ စိတ်ထဲမှာ ခံစားရတာကိုက ကြည်နူးစရာကောင်းနေရင်၊ လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်လို့ ပြောရင် အတော်လေးကို ကြည်နူးဖို့ကောင်းပါတယ်။ ဒါပေမယ့် ချစ်တယ်လို့ပြောရင် ဒီကလည်း ချစ်တာပါပဲလို့ ပြန်ဖြေတဲ့ အသံကို ကြားရရင်တော့ နှစ်ဦးနှစ်ဖက် ကြည်နူးဖို့ကောင်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

တလောက CNA တီဗီမှာကြည့်လိုက်ရတယ်။ လူတွေကို ချစ်တယ်လို့ ပြောခိုင်းပြီး တဖက်ကလည်း ဒီကလည်း ချစ်ပါတယ်လို့ ပြန်ပြောတဲ့ အစီအစဉ်တစ်ခုပါ။ လူတော်တော်များများက သဘောကျ နှစ်သက်ကြတာကို တွေ့ရတယ်။ လောကကြီးမှာ ချစ်တယ်လို့ ပြောချင်နေတဲ့ သူတွေ ဒီကလည်း ချစ်ပါတယ် လို့ ပြန်ပြောတာကို ကြားချင်နေတဲ့ သူတွေ အများကြီး ရှိတယ်ဆိုတာကို သိလိုက်ရတယ်။လူတစ်ယောက်ကို ချစ်တယ်လို့ပြောလိုက်ရင် ချစ်ပါတယ်လို့ ပြန်ပြောတာကို ကြားလိုက်ရတာကိုလေးကပဲ လူတစ်ယောက်ရဲ့  ဘ၀အဟာရကို ပြည့်ဝစေနိုင်ပါတယ်။

မိသားစု အချင်းချင်းလည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတဲ့ စကားကို သိပ်မပြောကြတဲ့ မိသားစုကများမယ်လို့ထင်ပါတယ်။ ငယ်စဉ် ကလေးဘ၀တုန်းကတော့ ကလေးငယ်ငယ်လေး တွေကိုတောင် မေမေကြီးကို ချစ်လား၊ ဖေဖေကြီးကို ချစ်လား ဆိုပြီး ကိုယ့်ကိုပဲ ချစ်လားလို့ မေးတတ်ကြပါတယ်။ ကိုယ်ကတော့ ချစ်တယ်လို့ သိပ်မပြောတတ်ကြပါဘူး။ ဖတ်ရမ်းနမ်းရှုံတာနဲ့ပဲ ကိုယ်ကချစ်ကြောင်းကို ပြတတ်ကြပါတယ်။ ကိုယ်ကပဲ ချစ်တယ်ဆိုတာကို ကြားချင်ပြီး ကိုယ်ကတော့ ချစ်ပါတယ်လို့ သိပ်မပြောကြဘူး။ ချစ်လားလို့ပဲမေးတတ်ကြတယ်။
ချစ်တယ်လို့သိပ်မပြောကြဘူး။ (ဒီအတိုင်းပဲ နားလည်းကြပါတယ်လို့ ပြောကြမလား)

ချစ်တယ်လို့ပြောရတာကို ရှက်စရာတစ်ခုလို လူတွေက ခံစားတတ်ကြပါတယ်။ အပြစ်ကင်းတဲ့ ကလေးတွေကတော့ ချစ်လားလို့မေးရင် ချစ်ရင်ချစ်တယ်၊ မချစ်ရင် မချစ်ဘူး ဖြေတတ်ကြပါတယ်။ အသက်အရွယ်ရလာတော့ ချစ်တယ်ဆိုတဲ့ စကားကို ပြောရမှာ ကြောက်လာကြတယ်။ တလွဲအတွေးတွေနဲ့ ချစ်တယ်လို့ပြောတာကပဲ ရှက်စရာ(ဖွင့်ပြောဖို့ မရဲခြင်းကို ဆိုလိုရင်း)တစ်ခုလို ဖြစ်လာတယ်။ ဘာလို့ပါလိမ့်။

ဒီလိုဖြစ်ရတာက လူတွေရဲ့  စကားလုံးတွေပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ငယ်ကလေးဘ၀တုန်းက ချစ်တယ်ဆိုတဲ့ စကားလုံးပေါ်မှာ ဖွင့်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ကြီးပြင်းလာတော့ ဖွင့်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် မတူတော့လို့ဖြစ်နိုင်ပါတယ်။ ကလေးဘ၀က
အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ရှင်းလင်းချက်တွေနည်းနည်းနဲ့ ဖွင့်ဆိုခဲ့ပြီး အသက်တွေ ကြီးလာလေလေ ရှင်းလင်းချက် တွေများလာလေလေ ဖြစ်လာပါတယ်။

ရှင်းလင်းချက်တွေ များလေလေ ချစ်တယ်ဆိုတဲ့ စကားက ပြောရခက်လေလေ၊ ရှင်းလင်းချက်တွေနည်းလေလေ ချစ်တယ်ဆိုတဲ့ စကားကပြေရတာ အဆင်ပြေလေလေ လို့ပဲ ထင်ပါတယ်။ ဒါပေမယ့် ရှင်းလင်းချက်တွေများလေလေ ပိုပြီးလေးနက်လေ၊
ပိုပြီးလေးနက်လေ……………ပိုပြီး…………….ပိုပြီး…………ပိုပြီး………………….ဖြစ်လေလေပါပဲလား မသိတော့ပါဘူး။
၂၀၁၀ရဲ့  ၂၉ရက်မြောက်နေ့

One response to “ကျွန်တော်နှင့် ချစ်တယ်”


  1. ကိုကောင်းကြီးရော ခဏခဏချစ်တယ်လို့ပြောလား?

Leave a Reply to no nameCancel reply

Blog at WordPress.com.

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading