သူမလက်ထပ်တော့မည်


ကျွန်တော် ဒီသတင်းကြားတော့ တုန်လှုပ်သွားသလို ခံစားရသည်။ သူမ လက်ထပ်တော့မည်တဲ့။ ကျွန်တော် သူမကို ချစ်ခဲ့သည်။ အခုထိလည်း ချစ်နေသေးသည်လို့ ထင်သည်။ ထင်သည် ဆိုတော့ သိပ်မသေချာ
သလိုသဘောမျိုးပါနေမည်။ ဒါပေမယ့် ကျွန်တော့ ဘ၀မှာ သိပ်မသေချာတာတွေကပဲ သေချာဖြစ်နေတာ ကြောင့်လား မသိ သိပ်မသေချာတဲ့ အတွေးတွေပဲဝင်ပြီး ပြောနေဖြစ်သည်။ ဒါပေမယ့် သေချာတာကတော့ သူမ လက်ထပ်တော့မည်။

အတိတ်ကို ပြန်တွေးမိသည်။ သူမနှင့် ကျွန်တော် စတွေ့ခဲ့တာက ကျောင်းတွေစဖွင့်တဲ့ နေ့ ကျောင်းသားရေးရာ နားမှာဖြစ်သည်။ အဲဒီနေ့က သူမ အလွန်ပင် လှပနေခဲ့သည်။ အခုလည်း လှပါသည်။ အမဲရောင် ၀တ်စုံ ကို ၀တ်ပြီး မဟော်ဂနီရောင် ဆံကေသာဖြင့် တောက်ပနေတဲ့ သူမပုံရိပ်က ကျွန်တော့ မျက်ဝန်းထဲက ဒီနေ့အထိ မထွက်ခဲ့ပါဟု ပြောနိုင်သည်။ သေချာတာက သူမနှင့် ကျွန်တော် အဲဒီနေ့တုန်းက တစ်ယောက်နှင့် တစ်ယောက်လုံးဝ မသိခဲ့ပါ ဆိုတာပါပဲ။ ဒါပေမယ့် သိပ်သေချာတာကတော့ ကျွန်တော့ ရင်ထဲကနေ ချစ်တယ်ဆိုတဲ့ စကားလုံးတွေ ပဲ့တင်သွားတယ် ဆိုတာပါပဲ။

ကျွန်တော်က စာရေးဆရာသား မပြည့်စုံတဲ့ မိသားစုက ဆိုတော့ လောကကြီးမှာ အောင်မြင်ချင်သည်။ ပိုက်ဆံမပေါတော့ ပိုက်ဆံကို လိုချင်သည်။ သူငယ်ချင်းတွေ ငွေကို သုံးဆွဲတာကို ကြည့်ပြီး ကိုယ်လည်း လိုက်သုံးချင်သည်။ အဲဒီလို ဖြစ်နိုင်ဖို့ ကျွန်တော့ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ကျောင်းစာကို ထူးချွန်အောင်လုပ်ရန်သာဖြစ်သည်။ ဘိန်းကုန်ကူးရန်မှာလည်း သတ္တိကမရှိဖြစ်နေသည်။ ပညာသင်စရိတ်က လည်းအလွန်ပင် ဈေးကြီးသည် မဟုတ်ပါလား။ ရန်ကုန်မြို့ ကြီးမှာ ကျောင်းတတ်နိုင်အောင် ပို့ပေးတဲ့ အဖေနဲ့ အမေကို ကျေးဇူးတင်ရမည်။ သူတို့လည်း ရှိတာလေး ရောင်းပြီး ကျွန်တော့ကို ကျောင်းထား ပေးရတာဖြစ်သည်။ ပေးရတော့မယ့် ကျောင်းစရိတ်တွေကို ပေးနိုင်ဖို့ သိပ်မသေချာပေ။ ဒါပေမယ့် သေချာတာကတော့ စာကြိုးစားလျှင် ပညာသင်ထောက်ပံ့ကြေး ရနိုင်သည်။ ထို့ကြောင့် ကျွန်တော်စာကြိုးစားရမည်။ သူမကိုလည်း ချစ်သည်။

ကျွန်တော် ကျောင်းမှာ သူမကို အဝေးကပဲ ကြည့်ပြီး အမြဲပဲ သိပ်ချစ်တာပဲ လို့ ရင်ထဲကပြောနေမိသည်။ သူမ အပြုံးလေးတွေက ကျွန်တော့ အတွက် အားဆေးကောင်းတစ်ခုပင်ဖြစ်သည်။ သူမ ဘယ်သူ့ကို ပြုံးပြနေပါစေ အဲဒီအပြုံးလေးတွေကို မြင်နေရတာကိုပဲ ကျွန်တော် ကျေနပ်နေမိသည်။ သေချာပါတယ် ကျွန်တော် သူမကို ချစ်သည်။ မသေချာတာကတော့ ကျွန်တော့ ကျောင်းစရိတ်၊ သူမ
အပြုံးတွေကို ဆက်ပြီး မြင်နိုင်ဖို့ ကျွန်တော် စာကြိုးစားရမည်။ တမျိုးတော့ တမျိုးကြီးပဲနော်၊ ထားပါလေ ဒါပေမယ့် စာကြည့်ရမည်။ သူမကို လည်း ချစ်ပါသည်။

သူမရဲ့  ဆံပင်တွေ လေထဲမှာ ၀ဲပျံနေတာကို ကြည့်ဖို့ သူမနဲ့ သူမ သူငယ်ချင်းတွေ လမ်းလျောက်တတ်တဲ့ ကမ်းနားမှာ ကျွန်တော် စာသွားထိုင်ဖတ်တတ်သည်။ သူမတို့ အဖွဲ့က ညနေ ၅ နာရီ ခွဲ ၆နာရီလောက်ဆို
ရောက်လာတတ်သည်။ သူမ သူငယ်ချင်းတစ်ယောက်က တစ်ဖက်ကမ်းက ဆိပ်ကြီးခနောင်တိုမှာ နေတယ်ဆိုတော့ သူမတို့ ဒီနေရာကို အမြဲတမ်းနီးပါး လမ်းလျောက်ထွက်တတ်ကြသည်။ ကျွန်တော်သည်လည်း စာအမြဲလာ ဖတ်ဖြစ်တယ် ဆိုရပါမည်။ ကျွန်တော် စာဖတ်တာကို နှစ်သက်သည်။ သူမကို လည်း ချစ်သည်။

ဒီလိုနဲ့ သူမ အပြုံးတွေနဲ့ သူမဆံနွယ်တွေကို ကြည့်ပြီး ကျွန်တော် စာကြိုးစားလိုက်တာ ပညာသင် ထောက်ပံ့ကြေးတွေလည်းရ ဘွဲ့ တစ်ခုလည်း ရပါသည်။ သူမလည်း အောင်သည်။ အာင်စာရင်းထွက်တဲ့နေ့က သူမ ပျော်နေတဲ့ အပျော်တွေကို ကြည့်ပြီး ပျော်ရတာက ကျွန်တော်အတွက် အပျော်ဆုံးဖြစ်သည်။ သူမက သူမပျော်လျှင် လျှောက်နေကြ မြောက်ကြွကြွ ဖြေးဖြေးလေးခုန်ပြီး လမ်းလျောက်ထွက်သွားသည်။ ကျွန်တော်ကတော့ သူမအနောက်ကနေကြည့်ပြီး သူမနဲ့ အတူ ပျော်ရွှင်နေပါသည်၊ စိတ်ထဲမှာပေါ့။ သူမကို ကျေးဇူးတင်သည်၊သူမအပြုံးတွေအတွက်ပါ။ ချစ်လည်း ချစ်ပါသည်။

အဲဒီနေ့က ဘယ်လိုပျော်မှန်း ကျွန်တော် မသိ၊ အိမ်ကနေ စိတ်လှုပ်ရှားပြီး လာခဲ့ရတဲ့ ပထမဆုံး အလုပ် အင်တာဗျူးမှာ သူမကို ကျွန်တော်ပြန်တွေရသည်။ သူမကို ကြည့်ရတာ လည်း စိတ်လှုပ်ရှားနေသလို ထင်ရသည်။ ကျွန်တော့်ကို မြင်တော့ သူမ မျက်လွှာချသွားပြီး စိတ်တည်ငြိမ်အောင် လုပ်နေသည် ဟုထင်ရသည်။ ဒီအလုပ်ကို ရအောင် လုပ်ရမည်။ ဒါမှ သူမနဲ့ အတူ ကျွန်တော် အလုပ်လုပ် နိုင်မည်။ သူမ အပြုံးတွေက အားတွေကို ဖြစ်စေအုံးမည်။ သူမကို ချစ်သည်။

အလုပ်ထဲမှာ ဖြစ်ချင်တော့ သူမနဲ့ ကျွန်တော်က ဌာနချင်းက မတူ၊ ထို့ကြောင့် သိပ်ပြီး မတွေ့ဖြစ်၊ ဒါပေမယ့် သူမရှိတဲ့ နေရာကို အကြောင်းရှာပြီး သွားသည်။ သူမနဲ့ ရင်းနှီးမှုရချင်သည်။ ကျွန်တော်ချစ်နေတဲ့ အကြောင်းကို သူမသိအောင် ပြောချင်သည်။ ဒါပေမယ့် သူမသည် မာနကြီးတာပဲလားတော့မသိ၊ ကျောင်းတုန်းက သိနေတဲ့ ကျွန်တော့်ကို အတော်နှင့် ရင်းရင်းနှီးနှီး ခင်မင်ကြောင်းမပြခဲ့ပေ။ ဒါပေမယ့် သူမကို ကျွန်တော် ချစ်သည်။

အဲဒီနေ့က သူမမွေးနေ့၊ မိုးတွေလည်းရွာတယ်၊ လေတွေလည်းတိုက်တယ်၊ ညနေခင်းမှာ လှပနေရမယ့် နေလုံးကြီးလည်း မမြင်ရဖြစ်နေသည်။ ဒါပေမယ့်သူမမျက်နှာလေးကိုတော့ အနီးကပ်မြင်နေရသည်။ သူမ အလွန်လှပါသည်။ ထို့ကြောင့် ကျွန်တော် ချစ်သည်။ သူမအတွက် ယူလာတဲ့ ခွေးရုပ်ကလေးကတော့ မိုးတွေစိုလို့ ဒါပေမယ့် သူမရဲ့  ခွင့်လွှတ်တဲ့ အပြုံးက ကျွန်တော့ရင်ကို အေးစေသည်။ မိုးအေးတာလဲ ပါမယ်ထင်သည်။ သူမနှင့် ကျွန်တော် နေမရှိတဲ့ နေ၀င်ဆည်းဆာကို ကြည့်ပြီး ပြန်ခဲ့ကြသည်။ နေမရှိလဲ နင်ရှိရင် ငါ့နှလုံးသား နွေးထွေးပါသည်။ မိုးတွေလို အေးစက်သွားရင်တောင် သူမကို ချစ်သည်။

အလုပ်ထဲမှာ ကျွန်တော် နာမည်ကောင်းရသည်၊ ပိုက်ဆံများများ ရှိချင်တဲ့ ကျွန်တော် အလုပ်ကြိုးစားသည်။ ဒါမှ အထက်လူကြီးက နှစ်သက်ပြီး ရာထူးတိုးမည်။ လခတိုးမည်။ သေချာတာကတော့ အတော်ကို ပင်ပန်းသည်။ ပင်ပန်းသလောက်လည်း အကျိုးကတော့ ခံစားရပါသည်။ ၁နှစ်ပြီး ၁နှစ် ကျွန်တော် ရာထူးတွေ တက်လာသည်။ ဌာနအကြီးအကဲ ရာထူးကို ၅နှစ်အတွင်းမှာပင် ရောက်ရှိနိုင်ခဲ့သည်။ ကျွန်တော်
အတော်လေးကို စုမိဆောင်းမိဖြစ်လာသည်။ အိမ်ကနေ ရုံးကို ကားနှင့်သွားသည်။ ကိုယ်ပိုင်အိမ်ကလေးတစ်လုံးရှိသည်။ လက်ကိုင်ဖုန်းတစ်လုံးနှင့် တစ်လတစ်ခါ ငွေဆောင်ကဟိုတယ်မှာ သွားအနားယူသည်။ ဒီလိုပြည့်စုံတဲ့ ဘ၀ကို ရောက်လာတော့ ကျွန်တော့ကိုယ်ကျွန်တော် ကျေနပ်သည်။ သေချာတာကတော့ သူမ လက်ထပ်တော့မည်၊ ပြီးတော့ ကျွန်တော် သူမကို ချစ်သည်။

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

2 responses to “သူမလက်ထပ်တော့မည်

  • hololodilolo

    ကောင်းတယ်ဗျို့.. ဒီလိုမျိုးလေးတွေ ဆက်ပြီးမျှော်နေပါတယ်..
    တော်လိုက်တဲ့ ကောင်လေးပါလား။ အချစ်ကို ဘယ်လိုသုံးရမှန်း သေသေချာချာ သိတယ်။ Cheer…

    • KaungGyi

      အားပေးတာ ကျေးဇူးတင်ပါတယ်။
      ဘာမဆို သုံးတတ်ရင် ကောင်းပါတယ်။
      တန်ဆေးလွန်ဘေးတဲ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: