Shinjuku Gyoen National Garden


အဲဒီနေ့က Yoyogiဘက်ကိုရောက်ပြီး နေ့လည်စားစားပြီးတော့ အချိန်လည်းရနေတာနဲ့ ဘယ်သွားရင်ကောင်းမလဲလို့ စဉ်းစားရင်းနဲ့ Google Mapကို ကြည့်လိုက်မိပါတယ်။ အနီးအနားမှာ အပျင်းပြေလမ်းလျောက်ရင်း နားနားနေနေနေလို့ရမယ့်နေရာလေးကို ရှာကြည့်မိတယ်။ ၁၀မိနစ်လောက်လမ်းလျောက်ရင် သွားလို့ရမယ့် ပန်းခြံတစ်ခုကို တွေ့လိုက်ရတော့ အဲဒီကိုသွားပြီး အပျင်းပြေ လမ်းလျောက်ဦးမှပဲဆိုပြီး သွားလိုက်ပါတယ်။

ပန်းခြံအ၀င်ဝလည်းရောက်တော့ ၀င်ကြေးက ၂၀၀ ဆိုပဲ။ ဘာတွေများရှိလို့ပါလိမ့် အတွေးနဲ့ တန်ပါတယ်လေဆိုပြီး လက်မှတ်ဝယ်တဲ့စက်မှာ ၁၀၀၀ တန်ထည့်လိုက်ပါတယ်။ စက်က ၁၀၀၀တန်ကို မသိဖြစ်နေပေမယ့် အကြွေ၂၀၀ လည်းမရှိတော့ ကောင်တာမှာပဲ တစ်ယောက်စာလက်မှတ်ကို ၀ယ်လိုက်ပါတယ်။ အ၀င်ပေါက်ကစက်မှာ လက်မှတ်ကို ထည့်လိုက်တော့ လက်မှတ်က ပြန်ထွက်မလာတော့ဘူး။ အယ်ဘာဖြစ်ပါလိမ့်ဆိုတော့ ပြန်မထွက်ပါတဲ့ ရေးထားတာပဲ။

အ၀င်ဝမှာ လမ်းညွှန်စာရွတ်လေးတွေထားထားတာကိုယူလိုက်ပါတယ်။ အင်္ဂလိပ်လို လိုချင်ရင်ကောင်တာမှာ တောင်းဆိုတာနဲ့ သွားတောင်းလိုက်ပါတယ်။ ဒီပန်းခြံကို ဘယ်လို လာလို့ရလဲဆိုတာက ဒီမှာ Clickကြည့်ပြီး ဖတ်ကြည့်ပါ။

Sendagaya Gate

ကျွန်တော်ကတော့ Sendagaya Gate ကနေ၀င်ဖြစ်ပါတယ်။ ၀င်လိုက်တာနဲ့ တွေ့လိုက်ရတာက မြက်ခင်း စိမ်းစိမ်းတွေ
သစ်ပင်အကြီးကြီးတွေ သာယာလိုက်တာ အေးချမ်းလိုက်တာ ဒီလိုနေရာမျိုး ရှိလိမ့်မယ်လို့ ထင်တောင် ထင်မထားခဲ့ဘူး။
၂၀၀ ကတော့ အတော်လေးကို တန်သွားပြီ။ ကဲဘယ်ကနေစသွားရင်ကောင်းမလဲ စဉ်းစားရင်းနဲ့ မြေပုံကို ကြည့်လိုက်
ပါတယ်။ အပြန်က Shinjukuကနေပြန်မယ်လို့စဉ်းစားထားတော့ အဲဒီထွက်ပေါက်နဲ့ နီးတဲ့ ဘက်ကို နောက်ဆုံးမှ သွားတာပေါ့။

အရင်ဆုံး Middle Pond လို့ခေါ်တဲ့ ရေကန်လေးရှိတဲ့နေရာကို မပွင့်သေးတဲ့ ချယ်ရီပင်တွေကြားက ဖြတ်ပြီး သွားရမယ်။ အသက်ရှုလို့ကောင်းလိုက်တာ လေတွေက လတ်ဆက်နေတာပဲ။ ရေကန်လေးရှိတဲ့နေရာက ထိုင်ခုံလေးမှာ ခဏထိုင်ပြီး နားနားနေနေ အသက်ရှုရင်း ထိုင်နေမိတယ်။ သစ်ပင်ကြီးတွေက အကြီးကြီးတွေပဲ။ မြတ်ခင်းတွေက စိမ်းလိုက်တာ ပြင်ဦးလွင်က အမျိုးသားပန်းခြံကြီးကို လွမ်းလိုက်တာ။ မြက်ခင်းပေါ်မှာလည်း လူတွေက သူ့အဖွဲ့လေးနဲ့ သူ ထိုင်နေကြတယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်းပဲပေါ့။ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားလို ပုံစံမျိုးလာရင် အတော်ကောင်းမယ့် နေရာလေးပဲ။ တချို့ မိသားစုလေးတွေလည်း ပျော်ပွဲစားထွက်လာကြတယ်ထင်ပါတယ်။

Middle Pond ရဲ့ အလှအပကို ခံစားရင်းသစ်ပင်တွေကြားကနေ ဆက်လမ်းလျောက်လာခဲ့ပါတယ်။ လမ်းလျောက်ရင်းနဲ့  မြက်ခင်းပြင်ပေါ်မှာ လှဲချင်စိတ်ပေါက်လာတာနဲ့ ခဏလှဲပြီး ကောင်းကင်ကြီးကို မော့ကြည့် လိုက်မိသေးတယ်။ ခဏနေတော့ မြေပုံကြည့်ပြီး Franch Formal Gardenဘက်ကို သွားဖို့ ထွက်လာခဲ့ပါတယ်။ ပြင်သစ်ဥယျာဉ်ဆိုတော့ ဘာတွေများရှိပါလိမ့် ဆိုတဲ့ အတွေးနဲ့ပေါ့။

France Formal Gardenရောက်ခါနီးတော့ နှင်းဆီပန်းပင်တွေက အဝေးကြီးကနေတောင် လှမ်းမြင်နေရတယ်။ လှလိုက်တာဗျာ။ အနားနားရောက်တော့ ကင်မရာမန်းတွေက အသေကို ရိုက်နေကြတာပဲ။ တစ်ယောက်သောသူ အဖိုးကြီးကတော့ ပန်းချီဆွဲနေလေရဲ့  နှင်းဆီနီနီတွေကိုလေ။ နှင်းဆီပန်းတွေမှ အမျိုးတွေအများကြီးပဲ။ ကျွန်တော်လည်း ဓာတ်ပုံလေးတွေ ရိုက်လိုက်သေးတယ်။ ဘေးမှာက အပင်အမြင့်ကြီးတွေကို စီတန်းစိုက်ထားတဲ့ ထိုင်ခုံလေးတွေ တန်းစီထားတဲ့ နေရာမှာတော့ အဖွားကြီးသုံးယောက်က ပန်းချီဆွဲနေကြတယ်။ ကျွန်တော်လည်း ခဏထိုင်ပြီး ရှုခင်းလေတွေရှုစားရင်း မြေပုံကိုကြည့်ပြီး ဘယ်ဆက်သွားမလဲ ပေါ့။ English Landscape Garden ကိုဖြတ်ပြီး Tamamo Pondကိုသွားရမယ်။ အဲဒီလမ်းမှာလည်း ပန်းချီဆွဲနေကြတဲ့ အဖိုးကြီး အဖွားကြီးတွေ ဓာတ်ပုံရိုက်ဖို့ ချောင်းနေကြတဲ့ လူတွေ တွေ့ရတယ်။ ကလေးလေးတွေ အဖွဲ့ လိုက်လာပြီး လေ့လာကြတာကိုလည်း တွေ့ခဲ့ရတယ်။ Tamamo Pondလဲ လှတာပဲဗျ။ ရေကန်လေးထဲမှာ ငှက်ကလေးတွေနားနေကြတယ်။ တံတားလေးနှစ်ဆင်းက လည်း ကဗျာဆန်ဆန်နဲ့ တံတားတစ်စင်းဖြစ်ချင်တယ် ကဗျာကို သွားသတိရလိုက် မိသေးတယ်။

အဲဒီကနေ ဆက်ပြီး လမ်းလျောက်လာတော့ ပြုပြင်ဆဲ Green House ကိုဖြတ်ပြီး ဟိုးအရင်တုန်းက ဂျပန်ဘုရင်တွေ နားနေဖို့ ဆောက်ထားတဲ့ နားနေဆောင်လေးကိုရောက်တယ်။ သေချာစာတွေဖတ်ကြည့်တော့ ဒီပန်းခြံကြီးက စစခြင်းတုန်းကတော့ ပန်းခြံပဲ နောက်တော့ ဘုရင်က သူ့အနားယူဖို့ သေချာပြင်ဆင်ပြီး အနားယူတဲ့နေရာလုပ်ခဲ့သတဲ့။ နောက်တော့ ရုက္ခဗေဒဥယျာဉ်လုပ်လိုက်ပြီး အခု အမျိုးသားဥယျာဉ်ဖြစ်လာတယ် ဆိုပဲ။ ပြီးတော့ ဒီက သစ်ပင်ကြီးတွေက မေဂျီခေတ်လောက်ကတည်းက ရှိခဲ့တာဆိုပဲ။ အဲဒါကြောင့် အတော်ကြီးကို ကြီးကြတာကိုး။

ဘုရင့်နားနေဆောင်က ဒုတိယပတ် စနေနေ့တွေမှာပဲ ပေးကြည့်တာဆိုတော့ အဲဒီနေ့က မကြည့်ခဲ့ရဘူး။ အဲဒီအိမ်ရှေ့ က အပင်ကြီးက ထူးဆန်းသလိုပဲ။ အပြင်ကနေပဲ ကြည့်ရှုလေ့လာပြီး ဆက်လျှောက်ဖြစ်တယ်။ Taiwan Pavilion ကိုသွားမယ်ဆိုပြီး လမ်းသွားရင်းနဲ့ ဘေးဘီကို ကြည့်တော့ ကလေးအမေတွေ အဖွဲ့ လိုက်တွေ့ရတယ်။ အမေတွေက စကားပြောကြ ကလေးတွေက ဆော့ကြနဲ့ လူသားတွေ အတူတူပဲနော်။

Taiwan Pavillion ဆိုတာက ဟိုးရှေးခေတ်တရုတ်အိမ်ပုံစံလေးပဲ။ အဝေးကကြည့်ရင်လှပေမယ့် အထဲသွားကြည့်တော့လည်း ဇရပ်လေးလိုပဲ။ ရှေးဟောင်း အဆောက်အဦးလေးပဲ။ အဲဒီကနေ လမ်းလျောက်ပြီး Japanese Garden ကိုသွားတယ်။ မြက်ခင်းပေါ်မှာ တချို့ လူတွေ လှဲအိပ်နေကြတော့ ကျွန်တော်လည်း အိပ်ချင်လာတာနဲ့ နေရာလေးရွေးပြီး နာရီဝက်လောက် လှဲပြီး အိပ်လိုက်တယ်။ လမ်းလျောက်ထားတဲ့ အညောင်းတွေလည်း ပြေသွားတာပေါ့။

ပြီးတော့ အပြန်လမ်းဖြစ်တဲ့ Shinjuku Gate ဘက်ကို ဦးတည်တော့ Japanese Tea House ဆိုလို့ဘာပါလိမ့်ဆိုပြီး ဖတ်ကြည့်တော့ ရိုးရာလက်ဖက်ရည်ဖျော်ပေးတာကို ကြည့်ပြီး သောက်တဲ့ နေရာပဲ။ တစ်ခွက် ၇၀၀ ဆိုတော့လည်း ဈေးကြီးပါတယ်လေ ဆိုပြီး ဆက်လမ်းလျောက်ခဲ့တယ်။ Mother and child’s Forest နားကိုရောက်တော့ နည်းနည်း အနံ့အသက်မကောင်းသလိုပဲ။ အဲဒီ တောထဲကို ဖြတ်သွားတော့ အကောင်ပလောင်လေးတွေ အသံကို သဲသဲကွဲကွဲ ကြားရတယ်။ သစ်ပင်ကြီးတွေ အကြီးကြီးတွေကြားထဲမှာ လမ်းလေးသေးသေးလေးဖောက်ထားတဲ့ နေရာကနေသွားရတာ  တောင်ကြီးတုန်းက   တောင်တက်ပြီး လျောက်သွားခဲ့တာကို ပြန်သတိရမိတယ်။

ဒီလိုနဲ့ပဲ ထွက်ပေါက် Shinjuku Gateကိုရောက်တော့ အပြင်ကို ထွက်ပြီး အအေးတစ်ဗူးဝယ်သောက်ပြီး ဘူတာအထိလမ်းလျောက်ပြီး ပြန်လာခဲ့ပါတော့တယ်။ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုပဲ။ သူငယ်ချင်းတို့လည်း ကြုံကြိုက်ရင်ဖြစ်ဖြစ် တကူးတကပဲ ဖြစ်ဖြစ် သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ ရာသီအလိုက် ပန်းပင်တွေ ပွင့်တာကို ခံစားရင် အပန်းဖြေဖို့ကောင်းတဲ့ နေရာတစ်ခုမို့လို့ ညွှန်လိုက်ပါတယ်ဗျ။

ရေးသားသူ။  ကောင်းမြတ်ထွန်း

Advertisements

About KaungMyatTun(KaungGyi)

ကျွန်တော့်အကြောင်း အမည် ။ ။ ကောင်းမြတ်ထွန်း လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေက ကောင်းကြီးလို့ခေါ်ပါတယ်။ ဆွေမျိုးတွေက သားကြီးလို့ခေါ်ပါတယ်။ မွေးနေ့ ။ ။ ၁၉၈၂ တတိယလ ၈ရက်မြောက်နေ့ တနင်္လာသားပါ။ မွေးရပ် ။ ။ မန္တလေးနန်းရှေ့  မှာမွေးပါတယ်။ မွေးတယ်ဆိုတာလောက်ပါပဲ။ နေတာကတော့ ရန်ကုန်မှာပါ။ ပညာအရည်အချင်း။ ။ ကွန်ပြူတာဘွဲ့ ကို KMD ကျောင်းကတဆင့် London Met ကရပါတယ်။ အင်္ဂလိပ်စာ အဝေးသင်လဲ ရထားတယ်။ အလုပ်အကိုင် ။ ။ မြန်မာဒီစီအာ လို့ ခေါ်တဲ့ ကွန်ပြူတာစနစ်တည်ဆောက်ရေးကုမ္ပဏီမှာလုပ်ပါတယ်။ အလုပ်တွေကို ခေါင်းခံသူ အဖြစ်နဲ့ ဆိုပါတော့။ တတ်ခဲ့တဲ့Stateကျောင်းတွေက ။ ။ မူကြိုကိုတော့ ရခိုင် စစ်တွေက ခရစ်ယာန် ကျောင်းနဲ့ ရန်ကုန်ရောက်တော့ ဒေါ်မေကြည်သိန်းစီမှာ တတ်ခဲ့တယ်။ သူငယ်တန်းကနေ ၆ တန်းအထိ အလက(၂) တောင်ဥက္ကလာမှာ တတ်တယ်။ ၇ တန်း နှစ်မှာ တောင်ကြီး အထက (၂) ကို သွားတတ်တယ်။ ပြီးတော့ ၈ တန်းကနေ ၁၀ တန်းအထိ ရန်ကုန်က အထက (၂) ကမာရွတ်မှာ တတ်တယ်။ တပိုင်တနိုင်သိတာလေးတွေက ။ ။ OpenSource PL ထဲမှာ Java, PHP, JavaScript, Framewrok ထဲမှာ Struts2, Struts1, Peer, Lucence Proprietary PL ထဲမှာ VB.Net, C#.Net, RPG, VBA DB ထဲမှာ MySQL, MSSQL, DB2, Postgre, Server ထဲမှာ AS400, MSS2003 View all posts by KaungMyatTun(KaungGyi)

2 responses to “Shinjuku Gyoen National Garden

  • san tun

    စာအရေးအသားကောင်းတယ်။
    စာရေးသူရဲ့ ဓာတ်ပုံပါရင်ပိုကောင်းမယ်။

    • KaungMyatTun(KaungGyi)

      ကျေးဇူးတင်ပါတယ်ဗျ။
      စာရေးသူရဲ့  ဓာတ်ပုံက ဒီမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
      kaungmyattun.wordpress.com/home/about/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: